ကလေးကို သင်ကြားပေးသင့်တဲ့ မိုးရာသီ ကျန်းမာရေး အလေ့အထလေးများ
ရာသီ အကူးအပြောင်းမှာ လူတိုင်း ဖျားနာနိုင်ပေမယ့် ဖျားနာမှု အဖြစ်အများဆုံးကတော့ ကလေးတွေပါ။ ကလေးတွေက ကိုယ်ခံအား ကောင်းကောင်း မဖွံ့ဖြိုးသေးတာက တစ်ကြောင်း၊ ဖျားနာမှုတွေကို ဘယ်လို ကာကွယ်ရမလဲဆိုတာတွေကို မသိတာကြောင့် မိုးရာသီလိုမျိုး စိုစွတ်တဲ့ရာသီမှာ ပုံမှန် ရာသီတွေထက် ဖျားနာနိုင်ခြေ ပိုများပါတယ်။
မုတ်သုံမှာ လေထုအတွင်း ဖျားနာမှုကို ဖြစ်စေနိုင်တဲ့ ရောဂါပိုးတွေက ပုံမှန်ထက် အချိန်ကြာကြာ အသက်ရှင်နိုင်တာကလည်း ကလေးတွေကို ပုံမှန်အချိန်တွေထက် ပိုမို ဖျားနာစေရတဲ့ အကြောင်းအရင်းပါ။ အခုတစ်ခေါက်တော့ မိုးရာသီမှာ ကလေးဖျားနာမှု ကင်းစေဖို့အတွက် ကိုယ့်ရဲ့ ရင်သွေးလေးတွေကို သင်ကြားပေးထားသင့်တဲ့ မိုးရာသီ ကျန်းမာရေး အလေ့အထလေးတွေကို ဖေဖေမေမေတို့ သိရှိရအောင် ပြောပြပေးလိုက်ပါတယ်။
ကလေးကို မိုးရာသီ ဖျားနာမှု ကင်းစေဖို့ ဒီအလေ့အထလေးတွေ သင်ပေးထားပါ
ကလေးကို မိုးရာသီမှာ ဖျားနာမှု ကင်းစေဖို့ဆိုရင်
- အာဟာရ ပြည့်ဝအောင် ကျွေးပါ - ကလေးကို နေ့စဉ် အစားအစာ ပြင်ဆင်ပေးတဲ့အခါထမင်း၊ ပေါင်မုန့်၊ ကြက်ဥ၊ အသား၊ ပဲ၊ အသီးအရွက် စတာတွေကို မျှမျှတတလေး ပြင်ဆင်ပေးဖို့ လိုသလို ရေလုံလောက်စွာ သောက်ဖြစ်အောင်လည်း ဂရုစိုက်ဖို့ လိုပါမယ်။ ကလေးက ရေပဲ မသောက်ချင်ဘူးဆိုရင် ရေထဲမှာ သစ်သီးလေးတွေ စိမ်းပြီး တိုက်ပေးတာမျိုးလည်း ရပါတယ်။ ကန်စွန်းဥ၊ အာလူး စတာတွေကိုလည်း ပြင်ဆင်ပေးလို့ ရပါတယ်။
- အပြင်စာတွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေကို မကျွေးပါနဲ့ - အပြင်စာတွေက သန့်ရှင်းမှု အားနည်းနိုင်ပြီး ပြုပြင်ထားတဲ့ အစားအစာတွေက အာဟာရ တန်ဖိုး နည်းပါးတာကြောင့် ကလေးကို အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးပြဿနာတွေ ခံစားရစေနိုင်ပါတယ်။ ဒီလိုနဲ့ ကိုယ်ခံအား နည်းတာမျိုး ဖြစ်စေနိုင်ပါတယ်။
- လက်ဆေးတတ်အောင် လေ့ကျင့်ပေးပါ - အပြင်က ပြန်လာတိုင်းနဲ့ အိမ်သာအဆင်း အစားမစားခင် အချိန်မျိုးတွေမှာ လက်ကို သေချာလေး ဆေးကြောတတ်အောင် သင်ပေးတာက ကလေးကို တုပ်ကွေးအပါအဝင် ကူးစက်ရောဂါ တော်တော်များများ ဝမ်းပျက်တာတွေကနေ ကာကွယ်ပေးပြီးသား ဖြစ်မှာပါ။
- သွားလေရာကို ထီး၊ မိုးကာ စတာတွေ ထည့်ပေးပါ - မိုးရေစိုတာကြောင့် ကလေးကို နေထိုင်မကောင်း မဖြစ်စေဖို့ဆိုရင် ကလေးကို သွားလေရာကို ထီး၊ မိုးကာ စတာတွေကို မပါမဖြစ် ထည့်သွားပေးလိုက်ပါ။ ကလေးကို မိုးရေ ထိတွေ့မှုကို နည်းနိုင်သမျှနည်းအောင် လျှော့ချပေးတာကလည်း ဖျားနာမှု ကင်းတဲ့ မိုးရာသီကို ပိုင်ဆိုင်စေဖို့ ထောက်ကူပေးမှာပါ။
- လုံလုံခြုံခြုံ ဝတ်ဆင်ပေးပါ - မိုးရာသီမှာ ခြင်ကြောင့် ဖြစ်တဲ့ ကျန်းမာရေး ပြဿနာဒဏ်ကလည်း မသေးပါဘူး။ ဒါ့ကြောင့် ကလေးကို သွေးလွန်တုပ်ကွေး အပါအဝင်ခြင်ကြောင့် ဖြစ်တဲ့ ရောဂါတွေက ကင်းစေဖို့ လုံလုံခြုံခြုံ ဝတ်ဆင်ပေးပြီး ခြင်ကိုက်မခံရအောင် သေချာ ဂရုစိုက်ပေးပါ။
ကိုယ်တိုင်လည်း ဂရုစိုက်ပေးရင်း ကလေးကိုလည်း ဒီအချက်လေးတွေကို သိအောင် သင်ပေးထားမယ်ဆိုရင် မိုးရာသီမှာ ကလေးတွေ ခဏခဏ ဖျားတာကို ကာကွယ်ပြီးသား ဖြစ်မှာပါ။
မွန်မွန်